တကျော့ပြန်ရခိုင်စစ်ပွဲ ဘယ်လောက်ထိပြင်းထန်လာနိုင်သလဲ(Vox Pop)
DMG ၊ စက်တင်ဘာ ၃
တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးခြင်းများနှင့်စတင်ခဲ့သည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲများသည် မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ တောင်ကုတ်နှင့် ပလက်ဝမြို့နယ်တို့အထိ ကျယ်ပြန့်လာနေသည်။
သြဂုတ်လ ၃၁ ရက်နေ့ကလည်း AA မှ သိမ်းပိုက်လိုက်သည့် မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မိုင်တိုင်အမှတ်(၄၀)အနီးမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် စစ်ကူ၊ပစ်ကူရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီမှ ထုတ်ဖော်ပြောဆိုလာသည်။
လက်ရှိတွင်လည်း မြန်မာစစ်တပ်နှင့် AA တို့သည် နေရာအနှံ့တွင် စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီဘက်မှ လေကြောင်း၊ရေကြောင်းများအသုံးပြုကာ စစ်အင်အားတိုးချဲ့ခြင်းများအထိ ရှိလာသည်။ မောင်တောနှင့် ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လဆန်းမှ ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်တိုက်ပြင်းထန် နေဆဲဖြစ်သည်။
ထို့ကြောင့် တကျော့ပြန်ရခိုင်စစ်ပွဲ မည်မျှထိပြင်းထန်လာနိုင်သည်ကို နိုင်ငံရေးသမားများနှင့် ပြည်သူလူထု၏ သဘောထားအမြင်များကို DMG မှ မေးမြန်းတင်ဆက်လိုက်သည်။
ကိုဦးသန်းနိုင် (သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ
အခုလက်ရှိအခြေအနေက စစ်ကောင်စီရဲ့အာဏာသိမ်းနောက်ပိုင်းမှာ နိုင်ငံရေးနည်းလမ်းတွေက အဆင်မပြေတော့ဘူး။ တိုင်းရင်းသားတွေက လက်နက်ကိုင်လမ်းစဉ်ကိုပဲ ပိုပြီးတော့ အားကိုးလာတာရှိတယ်။ လက်ရှိ ရခိုင်ပြည်မှာဆိုရင် တိုက်ပွဲတွေပိုပြီးပြင်းထန်လာတာရှိတယ်။ မောင်တောနဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဒီအပေါ်မှာ အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှုတွေရှိတယ်။ မောင်တောဒေသဆိုတာက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်လည်းဖြစ်တယ်။ ဆိုတော့ AA အနေနဲ့ မောင်တောဒေသကို ထိန်းချုပ်ဖို့ကြိုးစားလာတယ်။ ဒါကြောင့် နောက်ဆိုရင် အခြားသောဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ သုံးသပ်တယ်။
နောက်ပြီးတော့ စစ်ကောင်စီက ပြောဆိုထားတာရှိတယ်။ ရခိုင်ပြည်သူလူထုအနေနဲ့ AA ကို ထောက်ခံနေမယ်ဆိုရင် နစ်နာသွားမှာက ရခိုင်ပြည်သူလူထုဖြစ်တယ်ဆိုပြီး လူမိုက်ဆန်ဆန်ပြောထားတာ ရှိတယ်။ အဲဒါကြောင့် တိုက်ပွဲတွေကပြန်ဖြစ်လာတယ်။ လက်ရှိရခိုင်မှာက AA ကလည်း တရားစီရင်ရေးတွေကို လုပ်လာတယ်။ အဲဒီအပေါ် စစ်ကောင်စီဘက်က အနှောင့်အယှက်ပေးတာတွေရှိတယ်။ AA နဲ့ဆက်စပ်တဲ့ သူတွေကို ဖမ်းဆီးတာမျိုး၊ အရပ်သားပြည်သူတွေကိုပင် ဖမ်းဆီးတာမျိုးတွေရှိတယ်။ ဒီအပေါ်မှာ AA ကလည်း စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးတာရှိတယ်။
လက်ရှိတိုက်ပွဲတွေက ပိုပြီးတော့ဆိုးရွားလာနိုင်တယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအတွင်းက ပြည်မဘက်မှာဆိုရင် PDF တွေ၊ တခြားသော တိုင်းရင်းသားလက်နက်ကိုင်တွေက စစ်ကောင်စီကို တိုက်ခိုက် နေတာရှိတယ်။ စစ်ကောင်စီမှာဆိုရင်လည်း စစ်ပန်းနေတဲ့အနေအထားမှာရှိတယ်။ ဒီအပေါ်မှာ AA က ပိုပြီးတော့ ဖိအားပေးတဲ့ပုံစံမျိုး ဖြစ်လာနိုင်တယ်။ ဆိုတော့ ရခိုင်မှာ အရင် ၂၀၁၉ ဝန်းကျင်ကဖြစ်ခဲ့တာထက် ပိုဆိုးနိုင်တဲ့ အခြေအနေတစ်ခုထိ ရှိလာနိုင်တယ်လို့မြင်တယ်။
Crd photo DMG
#arakan
#Rakhine
#arakanstudentsunion
#rakhinestate
#whathappeninginmyanmar
#DMG
#oothannaing

Comments
Post a Comment